မင်းဘူး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုင်သန္တာထွန်းနှင့် ဦးစီးမှူး ဒေါ်ခင်ဖြူဝင်းတို့က ကလေးသူငယ်အသက်အရွယ်အလိုက် အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်းများ၊ ကလေးသူငယ်များကို ထိန်းချုပ်စေခိုင်းသည့် အခြေအနေနှင့်ပတ်သက်သည်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် ကလေးသူငယ်များအား ခိုင်းစေခြင်းအား မည်ကဲ့သို့ကူညီဖယ်ရှား နိုင်သည့်ကိစ္စရပ်များ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးငယ်များအား ကူညီဖယ်ရှားပြီး ပြန်လည်ကုစားမည့် အကြောင်းအရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသပြီး၊ ပြန်လည်ပြုစုပျိုးထောင်မည့်အကြောင်းအရာများကို အုပ်စု (၃) စုဖြင့် ပူးပေါင်းဆွေးနွေးခဲ့ကြကာ အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးသူငယ်များနှင့်ပတ်သက်၍ ကြုံတွေ့နိုင်သည့်အခြေအနေများနှင့် မိမိတို့ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင် ဒေါ်ခင်ဥမ္မာညွန့်နှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများဖြင့် စုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)