သံတောင်ကြီး ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကိုအသက်မွေးဝမ်းကျောင်း အဓိကလုပ်ကိုင်အဖြစ်ဆောင်ရွက်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ငန်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီးယခုနှစ်တွင် သံတောင်ကြီးဒေသထွက်ကွမ်းသီးများယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းသိရသည်။
သံတောင်ကြီးဒေသတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအနေဖြင့်ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိသည်။ ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှ သက်တမ်း(၇)နှစ်တွင် အသီးစသီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှဒီဇင်ဘာလတွင် ခူးယူရောင်းချရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင်အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခင်နှစ်ကွမ်းသီးအခြောက်(ပြောင်သီး)တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ အရွေးသီးတစ်ပိဿာ လျှင် ကျပ် ၃၈၀၀၀အထိ ရရှိသော်လည်း ယခုနှစ်တွင်ပြောင်သီးတစ်ပိဿာလျှင် ကျပ် ၁၈၀၀၀ ၊ အရွေးသီးတစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ သာရရှိပြီး ယခင်နှစ်ထက်ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း ကွမ်းသီးရောင်းဝယ်လုပ်ကိုင်သူတစ်ဦးထံက သိရသည်။
နော်နော်မူ