ပွင့်ဖြူမြို့နယ်၌ ထိုင်ဝမ်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိ

ပွင့်ဖြူ  ဇန်နဝါရီ   ၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး စိုက်ပျိုးသည့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်း၍ အသီးသီးများလှိုင်လှိုင် ထွက်ရှိသော်လည်း လက်ရှိတွင် ဈေးနှုန်းများ ကျဆင်း နေသည့်အတွက် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိမှု နည်းပါး လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်သမန်းရင်း ကျေးရွာမှ ခရမ်းချဉ် စိုက်ပျိုး တောင်သူ ကိုကျော်ဇင်ဝင်းထံက သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းအနီး ကျေးရွာများရှိ ဒေသခံတောင်သူများသည် ဥယျာဉ်ခြံမြေ များနှင့် ကိုင်း၊ ကျွန်းမြေများတွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အဓိကမှီခို အားထားပြု၍ တစ်နှစ်ပတ်လုံး ဟင်းသီးဟင်းရွက် စားပင် သီးနှံမျိုးစုံ၊ ဘုရားပန်း မျိုးစုံနှင့် နှစ်ရှည် သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် တောင်သူ များ စိုက်ပျိုးသည့် ထိုင်ဝမ် ခရမ်းချဉ်သီးနှံမှာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး အသီးများ လှိုင်လှိုင်ထွက်ရှိကာ ဆွတ်ခူးရောင်းချ နေရပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ခရမ်းချဉ်စိုက်ပျိုးတောင်သူများထံမှ သိရသည်။

 “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီးကျေးရွာတွေမှာရှိတဲ့ တောင်သူတွေဟာ မုန်းချောင်းရေနဲ့ မြေအောက်ရေကို အကျိုးရှိရှိအသုံးချပြီး ဟင်းသီးဟင်းရွက်စားပင်သီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပြီး အဆိုပါ သီးနှံများစိုက်ပျိုးရာတွင် တောင်သူတွေဟာ ထိုင်ဝမ်ခရမ်းချဉ်ကို အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။  ထိုင်ဝမ်ခရမ်းချဉ်သီးဟာ စနစ်တကျ စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက အပင်ရေ တစ်ထောင်လျှင် ခရမ်းချဉ်သီးပိဿာချိန် အနည်းဆုံး ( ၃၀၀၀ မှ ၄၀၀၀ အထိ ) ထွက်ရှိပါတယ်။ ခုနောက်ပိုင်းမှာ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာသည်နှင့် အမျှ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေး ကုမ္ပဏီတွေဆီကတစ်ဆင့် သီးနှံအလိုက် အထွက်နှုန်းကောင်းတဲ့ စိုက်ပျိုးနည်းစနစ် များကို လေ့လာသင်ယူပြီးတော့ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာပါတယ်။ အဲဒီလို စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ရာမှာ အောင်မြင် ဖြစ်ထွန်းမှုရှိတဲ့အတွက် ခုဆိုရင် တောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ စနစ်တကျ လုပ်ကိုင်တတ်နေကြပါပြီ ။ ဒီနှစ်မှာလဲ တောင်သူတွေစိုက်ပျိုးတဲ့ ထိုင်ဝမ်ခရမ်းချဉ်သီးနှံတွေဟာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေ ရပြီဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ခရမ်းချဉ်သီးနှံဈေးနှုန်းဟာ တစ်ပိဿာကို ငွေကျပ် (၄၀၀ ၊ ၅၀၀ ) ဖြင့် ရောင်းချနေရလို့ သီးနှံဝင်ငွေအကျိုးအမြတ် နည်းပါတယ်။ ဒါကြောင့် တောင်သူတွေက ဈေးကောင်းရရှိဖို့ မျှော်လင့်နေကြ ပါတယ်” ဟု ပွင့်ဖြူမြို့နယ်သမန်းရင်းကျေးရွာမှ ထိုင်ဝမ်ခရမ်းချဉ် သီးနှံ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်သူ ကိုကျော်ဇင်ဝင်းက ပြောသည်။

ဟင်းသီးဟင်းရွက်စားပင်သီးနှံများတွင် ထိုင်ဝမ်ခရမ်းချဉ်သီးနှံသည် အထွက်နှုန်းကောင်းမွန်သည့်အတွက် ဈေးကောင်း ရရှိပါက တောင်သူများအတွက် စီးပွားရေး ပိုမိုတွက်ချေကိုက်သည့်အတွက် မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများက ထိုင်ဝမ်ခရမ်း ချဉ်သီးနှံကို အားထားစိုက်ပျိုးကြကြောင်း သိရကာ ထိုင်ဝမ်ခရမ်းချဉ်သီးနှံသည် စိုက်ပျိုးပြီး(၃)လကြာပါက အသီးများ လှိုင်လှိုင် ဆွတ်ခူးရောင်းချရကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)