ကော့ကရိတ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

ကော့ကရိတ် ဒီဇင်ဘာ ၁၉

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် မိဘပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ ပေါ့ဆမီးမဖြစ်ပေါ်စေရေး၊ သဘာဝမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ယမန်နေ့ညနေပိုင်းက မီးသတ်ယာဥ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနိုးဆော်ရာတွင် ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးဇင်မိုးကျော်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်သူ မိဘပြည်သူများ မီးဖိုမီး၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီးများ ညအိပ်ချိန်တွင် သတိပြုငြှိမ်းသတ်ကြရန်၊ ကလေးငယ်များ မီးဖြင့် ဆော့ကစားခြင်းမပြုလုပ်စေရန်၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများထားရှိစေရန်၊ လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်များ စနစ်တကျရှင်းလင်းထားရှိရန်၊ မီးဘေးအန္တရာယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆက်သွယ်အကြောင်းကြားရန် မီးသတ်ကားယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)