စပါးအထွက်နှုန်းနည်းသော်လည်းယခုနှစ်၊ ကျောက်ဆည်စပါး(ဧရာမင်း)စိုက်တောင်သူများ စျေးကောင်းရ

ကောလင်း  ဇန်နဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်များအတွင်း ကျောက်ဆည်စပါး (ဧရာမင်း)အထွက်နှုန်းနည်းသော်လည်း ယခုနှစ် ကျောက်ဆည်စပါးစိုက် တောင်သူများ စျေးကောင်း ရရှိကြောင်းသိရသည်။

"ယခုနှစ်တွင် ကောလင်းမြို့နယ် ကရာကုန်းကွင်း၊ကြာအင်းကွင်း၊ဝန်းသိုမြို့နယ်တွင် မကျီးကုန်း ကွင်း ၊ကြိုင်းခွင်ကွင်း၊ဇီးဖြူပင်ကွင်း၊အုပ်ဖိုကွင်း၊စိန်လည်ကွင်းစသည့် ဒေသများတွင် မှော်ဘီ(၂)၊ ဆင်းဧကရီ(၃) စသည့်စပါးမျိုးများ စိုက်ပျိုးကြသော်လည်းကျောက်ဆည်စပါး(ဧရာမင်း)ကို များစွာစိုက်ပျိုးကြပြီး ကျောက်ဆည်မျိုးစပါးများကို ကောလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တစ်တင်းခွဲအိတ်တစ်အိတ်ကို ၃၄၀၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပါတယ်။"ဒီနှစ် ကောလင်းမြို့နယ် နှင့်ဝန်းသိုမြို့နယ်မှာ အောက်တိုဘာလမှာ မိုးအဆက် မပြတ်ရွာသွန်းပြီး လေရော၊မိုးရောတွဲလာသဖြင့် ထွက်လုဆဲ စပါးခင်းများ ယိုင်လဲကုန်သဖြင့် ဖုံးကွဲရေဝင်ဖြစ်ခြင်း၊ နို့ရည်ခဲခါစ ရေဝင်ခဲ့ခြင်းဖြစ်သဖြင့် စပါးအထွက်နှုန်းလျော့နည်းခဲ့သော်လည်း ကျွန်တော်လည်ဧက ၂၀ ရှိပါတယ်။ တစ်ဧကလျှင် ကျပ် ၆၀၀၀၀ဖြင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပြီးပြီး ချင်း ကျောက်ဆည်စပါး တင်း ၁၀၀လျှင် ၉သိန်းစျေးဖြင့် စပါးတင်း ၄၀၀ရောင်းလိုက်ပါတယ်"ဟု အုပ်ဖိုကျေးရွာမှ တောင်သူ ဦးစိန်မင်းက ပြောပြသည်။

"ယခင်နှစ်က ကျောက်ဆည်စပါး တင်း ၁၀၀ လျှင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပြီးပြီးချင်း ၈သိန်းစျေးဖြစ်ပြီး ယခုနှစ်တွင် ၉သိန်းမှ၉သိန်း၃သောင်းအထိ ပေးဝယ်နေပြီး စပါးဝယ်သူများသည် စပါးများသိုလှောင်ထားပြီး စပါးစျေးကောင်းသည့်အချိန် မေလနှင့်ဇွန်လများတွင် ပြန်လည်ထုတ် ရောင်းပါတယ်" ဟု စပါးဝယ်ယူသူ ဒေါ်နွဲ့ရီက ပြောပြသည်။

မြင့်ထွန်းမင်း(ကောလင်း)