ကျောက်တန်း ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာအုပ်စု ဇင်ပြွန်ကုန်း ကျေးရွာ ၌ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတံတား၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ရာအိမ်မှူး ဦးလှဟန် ၊ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင် ဦးမောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တံတားတည် ဆောက်ရေးတွင် လိုအပ်သည့်အလှူငွေ များ ထည့်ဝင်လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ကျေးရွာက ကျောက်တန်းမြို့နဲ့ အလှမ်းမဝေးပါဘူး။ဒါပေမဲ့ ချောင်းကူးတံတားက ယခင်က လူကူးသစ်သားတံတား ပဲရှိတာဆိုတော့ ကားတွေကူးလို့မရ၊ သွားရေးလာရေးအတွက် အခက်အခဲဖြစ် ပါ တယ်၊ အခုဒီတံတားပြီးသွားပြီဆိုတော့ ကျေးရွာအတွက်များစွာအကျိုးရှိသွားပါပြီ၊ ကျေးရွာက ကုန်ထုတ်ပစ္စည်း တွေကို အလွယ်တကူ သယ်ပို့နိုင်ပြီ။ သွာလာရေး လွယ်ကူပြီဆိုတော့ ကျွန်တော်တို့ ကျေးရွာရဲ့ လူမှုရေး၊ စီးပွားရေးအတွက် အကျိုးကျေးဇူးတွေများစွာရရှိမှာဖြစ်ပါတယ် ။ တာဝန်ယူ ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကိုလည်း ကျေးရွာကိုယ်စား ကျေးဇူးအထူး တင်ပါတယ်” ဟု ဇင်ပြွန်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြေကြားသည်။
အဆိုပါကွန်ကရစ်တံတားမှာ (၇၅ x ၁၀ x ၁၂ )ပေဖြစ်ပြီး စုစုပေါင်း စီမံကိန်းရန်ပုံငွေ (၂၉၀)သိန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ(၇၀)သိန်း စုစုပေါင်းသိန်း(၃၆၀)ကုန်ကျကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)