ပွင့်ဖြူမြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ      ဇန်နဝါရီ      ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း တို့ ပူးပေါင်း စီစဉ်ကျင်းပ သည့် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ရွာသာကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ စပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိရေးအတွက် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ယခုလို တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်သူများ စပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မျိုးသန့်စပါးနှင့် သွင်းအားစု ဓာတ်မြေဩဇာ များကို ချမ်းမြေဇေယျာကုမ္ပဏီမှ ယာယီအကြွေးစနစ်ဖြင့် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းနှင့် တောင်သူများ စပါးသီးနှံပေါ် ချိန်တွင်လည်း စပါးတင်းရေ(၁၀၀)လျှင် ငွေကျပ်(၆)သိန်းဈေးဖြင့် ဝယ်ယူ မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိုက်က မြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သော ဆန်စပါးဈေးကွက် ကောင်းမွန်စေရေး သည် အရေးကြီး သည့်အတွက် တောင်သူများ အခက်အခဲ မဖြစ်စေရေး ယခုကဲ့သို့ ဆန်စပါးဈေးကွက် ဖော်ဆောင်ရေး လုပ်ငန်းအား အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် မိမိတို့ ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် တောင်သူများ၏ လိုအပ် ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စပါးသီးနှံစိုက်ပျိုးရာတွင် တွေ့ကြုံရသော အခက်အခဲ များနှင့် ဈေးကွက် ဖော်ဆောင်ရေးလုပ်ငန်းတွင် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရပြီး အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် အနောက်ကိုင်း ကျေးရွာ၊ ပေတောကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက် ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )