ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်လှကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျသုံးစွဲပြီး လုပ်ငန်းများ ထိရောက် အောင်မြင်အောင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လယ်လှကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၅ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၄ ဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၂၉ ဦးကို စီမံကိန်းရန်ပုံငွေ ၅၂ သန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )