ရေနံချောင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးတပ်ဆင်ခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ရေနံချောင်း ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးတပ်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများက မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များဖြင့် လျှို့ဝှက်မဲပေးရာ၌ တစ်စုံတစ်ရာမှားယွင်းမှုများ မဖြစ်ပေါ်စေရန်နှင့် လွယ်ကူမြန်ဆန်စွာ မဲပေးနိုင်ရန်အတွက် မဲပေးစက်များကို ဖွင့်ဖောက်စစ်ဆေးတပ်ဆင်ကာ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မြို့ပေါ်ရပ်ကွက် (၁၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅) အုပ်စုတို့တွင် မဲရုံပေါင်း (၅၁) ရုံ ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)