ဘားအံ ဒီဇင်ဘာ ၂၀
ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သံလွင်မြစ်ကမ်းနဖူး၊ အမှတ် (၃) ရပ်ကွက်၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှစတင် ကျင်းပခဲ့ပြီး ဘားအံမြို့နယ်အတွင်းရှိ တိုက်နယ်များနှင့် မြို့နယ်များမှ လှေလှော်အသင်း ၁၂ သင်း ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၄၉၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၇ တက်လှော်ပြိုင်ပွဲနှင့် ၂၀ တက် နဂါးလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို သံလွင်မြစ်အတွင်း ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးဇော်မင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရေပြင်သက်ကယ်အဖွဲ့တို့ကို ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲနှင့် အမျိုးသမီး (၇) တက်လှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ အမျိုးသမီး (၂၀) တက်လှော်ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးဇော်မင်းတို့က အမျိုးသား (၅) တက်လှော်ပြိုင်ပွဲ၊ (၇) တက်လှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ (၂၀)တက်လှော်ပြိုင်ပွဲတွင် ဒုတိယနှင့်တတိယဆုရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကက အမျိုးသမီး (၂၀) တက်နဂါးလှေလှော်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ဂျိုင်းတိုက်နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၅) သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား (၂၀) တက်နဂါးလှေလှော်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော မိဇံတိုက်နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၅) သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပဒေသာကပွဲ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)