မင်းဘူး ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မောင်းမကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး အဆိုပါကျောင်းဝင်းအတွင်း၌ အခြေခံပညာဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ဆောင်ရွက်သည့် အလျား(၁၂၀)ပေ၊ အနံ (၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်သစ်အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းဖြူကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာ၌ မိုးတွင်းကာလတွင် တောင်ကျချောင်းရေ စီးဆင်းဝင်ရောက်မှုများကြောင့် ချောင်းကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည့်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒေသ(၄)၊ မကွေးတိုင်းဒေသကြီးရုံးမှ ယခုဘဏ္ဍာနှစ်တွင် လူမှုစီးပွာဖွံ့ဖြိုးရေးရန်ပုံငွေ CSR မှ ခွင့်ပြုငွေ (၃၃၅)ကျပ်သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် ဆားပွက်ချောင်းရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဒေသခံများ၏ ရှင်းလင်းတင်ပြမှုများပေါ် လိုအပ်သည်များ ပေါင်းဆပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်းမကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသဖွံ့ရေးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသော ဒေသခံတောင်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ဆားပွက်ချောင်း ကမ်းပြိုကာကွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ် မြေအောက်ရေတွင်းတူးဖော်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိရေး၊ မြစိမ်းရောင် အရင်းမပျောက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးနိုင်ရေးနှင့် နယ်မြေမီးသတ်စခန်း ဆောက်လုပ်ပေးနိုင်ရေး စသည့်တင်ပြမှုအပေါ် တိုင်းဒေသကြီးတာဝန်ခံများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံများ၏ လိုအပ်ချက်တင်ပြများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)