မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ၊ ကျိုက် အမတနန်းဦးစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသည့် ကျိုက် အမတနန်းဦးစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ၊ ကျိုက် အမတနန်းဦးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဧည့်ပရိသတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျိုက်အမတနန်းဦး စေတီတော်မြတ်ကြီး အထွဋ်တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်တို့အား ကြွရောက်ချီးမြှင့်ကြကုန်သော ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဒါန်းပူဇော်ခဲ့ပြီး အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြွရောက်ချီးမြှောက်ကြကုန်သော သာသာနာ့ဝန်ဆောင် ဩဝါဒါစရိယဆရာတော် သံဃာတော် အရှင်သူမြတ်ကြီးတို့မှ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးသည့် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျိုက်အမတနန်းဦး စေတီတော်မြတ်ကြီးထံ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့အား လက်ယာရစ် (၃) ပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်မြတ်ကြီးအထွဋ်သို့ တင်လှူပူဇော်ခဲ့ကြကာ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး၍ ဇယန္တာဗောဓိယာမူလေအစချီ အောင်ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။

ယင်းနောက် ဆရာတော်ကြီးများအမှူးပြု၍ ပြည်နယဝန်ကြီးချုပ်က ကျိုက်အမတနန်းဦးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပြုလုပ်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)