မကွေး ဇန်နဝါရီ ၂
အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ် ကန်သစ်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မကွေးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ ရွာဟောင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဝင်းနှင့် ကန်သစ်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးဘိုကွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက် လွင်တို့က အမှာစကား အသီးသီးပြောကြားခဲ့ပြီး မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် က လျှပ်စစ် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ကန်သစ်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၇၈၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့တာပါ၊ ကန်သစ်ကျေးရွာ အတွက်(၁၁)ကေဗွီ ဓာတ်အားလိုင်း(၁.၉၃)မိုင်နဲ့ (၁၁/ဝ.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၂) လုံးတို့ကို အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အနေနဲ့ တာဝန်ယူ တပ်ဆင်ပေးခဲ့တာ ဖြစ်တယ်လို့ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က ပြောသည်။
ကန်သစ်ကျေးရွာသည် NEP စီမံကိန်းနှင့် မကွေးမြို့နယ်၏(၃၆)ရွာမြောက် မီးလင်းတဲ့ကျေးရွာ ဖြစ်ပြီး ကန်သစ်ကျေးရွာမှာရှိသည့် အိမ်ခြေ(၃၈၀)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ကြောင်း မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်ထံက သိရသည်။
သန်းနိုင်ဦး(ငဖဲ)