လိပ်သို ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ သစ္စာနီ ရေးသားသော “ကလေးတို့ဘဝ ကလေးတို့ကမ္ဘာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ)နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် မိမိဘဝတွင်ကြုံတွေ့ရသော ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည် ပိုကောင်းလာခြင်း၊ စာဖတ်ခြင်းသည် အသိပညာဗဟုသုတနှင့် ဆင်ခြင်တုံတရားများကို ရရှိစေပြီး မိမိဘဝကို မြှင့်တင်ပေးနိုင်သောကြောင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသား စောခွန်ဇင်ကိုနိုင်က “ ကလေးစာပေ ဖွံ့ဖြိုးရေး” ခေါင်းစဉ်အောက်မှ “ ကလေးစာပေမရှိပဲ လူကြီးစာပေမရှိနိုင်ကြောင်း၊ ကလေးငယ်များသည် တစ်နေ့ အပင်ထွက် လာမည့် စာဖတ်သူမျိုးစေ့ကလေးများပင်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ငယ်စဉ်ကပင် စာဖတ်ဝါသနာထုံသော ကလေးများသည် အချိန်တန်သောအခါ လူကြီးစာဖတ်သူဘဝသို့ ကူးပြောင်းသွားကြသောကြောင့်ပင်ဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ သစ္စာနီ ရေးသားသော “ကလေးတို့ဘဝကလေးတို့ကမ္ဘာ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ကလေးများ၏ အလေ့အထ၊ စိတ်နေသဘောထား၊ ပြုစုပျိုးထောင်နည်းနှင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များကို ပိုမိုသိရှိနားလည်လာမှာဖြစ်ကြောင်း သိရသည်။
နော်ဖလောရင်း