မုံရွာ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးခုနှစ်အတွင်းက အာမခံ ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးမှ ငွေကျပ်(၈၃၉.၉၁၇)သန်းရရှိခဲ့ကြောင်းနှင့် ၎င်းဝင်ငွေ များထဲမှ စီမံခန့်ခွဲမှု၊ အကျိုးခံစားခွင့် နှင့် နစ်နာကြေးများပြန်လည် ပေးအပ်ခြင်းတို့အတွက် ငွေကျပ်(၇၁.၆၈)သန်းကို ပြန်လည်အသုံးပြုခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်း (စစ်ကိုင်းတိုင်း ဒေသကြီး)ရုံးမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာမခံဝန်ဆောင်မှု လုပ်ငန်းများမှ ငွေကျပ် (၈၃၉.၉၁၇) သန်းရရှိခဲ့ရာ ၎င်းဝင်ငွေများထဲမှ ကျန်းမာရေးအာမခံ (ဒဏ်ရာရ၊ သေဆုံး) များလျော်ကြေး ငွေ(၃၅.၈၄၁) သန်း၊ သေဆုံးနှင့် အာမခံနှစ် ပြည့်ပြန်ထုတ်ငွေ (၂၁.၃၂၂)သန်း၊ သူတပါး ထိခိုက်မှုအာမခံ (၀.၂၉၆) သန်း၊ မီးအာမခံ(၁၄.၂၂၁) သန်းအားလည်းကောင်း စုစုပေါင်းငွေကျပ်(၇၁.၆၈) သန်းအား ပြန်လည် အသုံးပြုထား ကြောင်း သိရသည်။
“ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေ ကလည်းရှိနေတယ်၊ သူတို့နဲ့အပြိုင်လုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေရှိနေတော့ စည်းရုံးရေး လုပ်ငန်းတွေမှာ ထင်သလောက လုပ်မရဘူး ဖြစ်နေတယ်၊ မြန်မာ့အာခမံ လုပ်ငန်းက ဝန်ဆောင်မှုပေးနေတဲ့ အာမခံအမျိုးအစား တိုင်းကို ပြည်သူတွေစိတ်ဝင် စားဖို့အတွက် အသိပညာ ပေးစည်းရုံးမှုတွေက လုပ်ဆောင်နေတယ် ” ဟု မြန်မာ့အာမခံလုပ်ငန်း စစ်ကိုင်းတိုင်း ဒေသကြီးရုံးမှ ဒုတိယတိုင်း ဒေသကြီး တာဝန်ခံ ဦးတင်ထွန်းက ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးခုနှစ်အတွင်း အာမခံ ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးမှ ငွေကျပ် (၉၁၅.၈၄၅) သန်းရရှိခဲ့ ကြောင်းနှင့် ၎င်းဝင်ငွေများထဲမှ စီမံခန့်ခွဲမှုနှင့် အကျိုး ခံစားခွင့်နှင့် နစ်နာကြေး ပြန်လည် ပေးအပ်ခြင်းတို့အတွက် ငွေကျပ်(၄၈.၃၅၁)သန်းကို ပြန်လည် အသုံးပြုခဲ့ ကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီး)ရုံး၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)