ထီးလင်း ဇန်နဝါရီ ၂
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်လပ်ရေးနေ့ သိကောင်းစရာအကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ် သည်။
ထိုသို့ပြုလုပ်ရာတွင် ထီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်နန်းလွင်မာကြိုင်က လွတ်လပ်ရေးနေ့ သိကောင်းစရာအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ မိတ်ဆက် ရှင်းလင်း ပြောကြားသည်။
ထို့နောက်စာရေးဆရာ အောင်ဆန်းသိန်း(ပခုက္ကူ)က လွတ်လပ်ရေး တိုက်ပွဲဝင် ကဗျာတစ်ပုဒ် ဖြစ်သည့် ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့သော “သပြေညို” ကဗျာ အကြောင်း သိကောင်း စရာများကို လည်းကောင်း၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာ တိုင်းရင်းသားများက မျိုးချစ်စိတ်ဓာတ်ကို အရင်းခံ၍ လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲခဲ့သည့် အကြောင်းအရာများကို လည်းကောင်း၊ ယောနယ်ဒေသတွင် လွတ်လပ်ရေး အတွက် မျိုးချစ် ပုဂ္ဂိုလ်များက နယ်ချဲ့ အင်္ဂလိပ်တို့အား ခုခံတော်လှန်ခဲ့ကြပုံများကို လည်းကောင်း၊ လွတ်လပ်ရေးသည် လွယ်ကူစွာ ရယူခဲ့ခြင်း မဟုတ်ဘဲ တိုင်းရင်းသား ညီအစ်ကိုများ၏ အသက်, သွေး,ချွေးပေါင်း မြောက်များစွာ စတေးခံ၍ ရယူခဲ့ရသည့် အကြောင်းအရာများကို လည်းကောင်း ပြောကြား သည်။
ထီးလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပုံပြင်ပြောခြင်း၊ စက္ကူ အရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ် အစီအစဉ်များနှင့် အသိပညာပေး (Talk Show) ပြုလုပ်ခြင်းများကို အပတ်စဉ် စီစဉ်တင်ဆက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)