ကျွန်းလှ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပဲမျိုးစုံသီးနှံကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ပဲစင်းငုံ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရေး မျှော်လင့်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ကျွန်တော်တို့ဒေသမှာ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးကြသလို မြေပဲ၊ အစေ့ထုတ်ပြောင်းတို့နဲ့ သီးညှပ်လည်း စိုက်ပျိုးကြပါတယ်။ အခုအခါ ပဲစင်းငုံစိုက်ခင်းတွေမှာ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ အရင်နှစ်သီးနှံပေါ်ချိန် ပဲစင်းငုံတစ်တင်း ငွေကျပ် ၈၀၀၀၀ ကျော်ဈေးရောင်းရပြီး ဒီနှစ် သီးနှံပေါ်ချိန်ဈေးကောင်းရရှိရေးမျှော်လင့်နေရပါတယ်” ဟု မန်ကျည်းအင်းကျေးရွာ ပဲစင်းငုံစိုက်တောင်သူတစ်ဦးက ပြောသည်။
အဆိုပါ ပဲစင်းငုံစိုက်ပျိုးသည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်အဝင်အထွက်ကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး စသည့်စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ ပဲမျိုးစုံ ၁၆၉၆၀ စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ၁၉၈၀၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)