ဘားအံ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လူငယ်စင်တာ၌ ကျင်းပသည်။
အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ စုစုပေါင်း ၅၀ ဦးတက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများနှင့် စာကြည့်တိုက် ပညာဖွံ့ဖြိုးရေး လုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိပြီး စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို အားတက်သရောလေ့လာသင်ယူ၍ မိမိတို့စာကြည့်တိုက်များတွင် ပြန်လည်အသုံးချစေလိုကာ လူငယ်များစာဖတ်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်လှစ်ခြင်းအတွက် ငွေကျပ်သုံးဆယ်ခြောက်သိန်းငါးသောင်းကျပ်ကို ပြည်နယ်ညွှန်ကြားရေးမှူးထံ ချီးမြှင့်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်မှူးများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူ စာကြည့်တိုက်မှူးများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက သိပ္ပံနှင့်နည်းပညာသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ မဟာဘွဲ့ရရှိသူ (၃၂) ဦး၊ ရိုးရိုးဘွဲ့ (၈၉၂) ဦးနှင့်ဒီပလိုမာဘွဲ့ (၁၀၁) ဦးအပါအဝင် ဘွဲ့ရရှိသူဦးရေ စုစုပေါင်း (၁၀၂၅) ဦးကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုးတက်လာသည့်နည်းပညာရပ်များကို လူမှုအကျိုးပြုစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်ကဏ္ဍပေါင်းစုံတွင် အပြည့်အဝအသုံးချနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များအဖြစ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဦးဆောင်ပါဝင်နိုင်အောင် ကြိုးစားသင်ယူ၍ ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းကို ကျောင်းသား၊ ကျောင်းသူများထံ ချီးမြှင့်ပေးအပ်ပြီး ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကြကာ King & Queen ရွေးချယ်၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မောင်မယ်သစ်လွင်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ် တမ်းဓာတ်ပုံများရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)