ရေတာရှည်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ရေတာရှည် ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉) နာရီက ဓါတ်တော်ဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး၊ ဓါတ်တော်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ကျေးဇူးတင်စကားလျှောက်ထားခဲ့ပြီးနောက် ဆရာတော်သံဃာတော်များအား တာဝန်ရှိသူများက အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ရာ ပဌာန်းသိမ်းအောင်ပွဲသို့ တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုခဲ့သည်။

အဆိုပါမြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်သံဃာတော်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။ ရေတာရှည်မြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့ထိ ရွတ်ဖတ်ပူဇော်ခဲ့ရာ (၄၄) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)