သဲကုန်း ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် (တတိယအကြိမ်) ကပ်ထားကြေညာမည့် မဲစာရင်းများတိကျမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ရုံးမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ဥက္ကဋ္ဌ ဦးအေးသိုက်တို့က တတိယအကြိမ် ထုတ်ပြန်ကြေညာမည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရန်၊ မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် တင်ပြကြရန်၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲကျင်းပနိုင်မည့် ရပ်ကွက်/ ကျေးရွာ အုပ်စုများအနေဖြင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် အခြားလိုအပ်သည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများမှ မဲစာရင်းများ မှန်ကန်မှုရှိစေရန်အတွက် ဆောင်ရွက်မှုလုပ်ငန်းများနှင့် မဲစာရင်းပြုစုထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ရုံးမှ ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ၊ MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးပုံလုပ်ငန်းအဆင့်ဆင့်ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)