ဗိုလ်တထောင် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ နဝမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၇ ခုနှစ် ပြာသိုလ်လဆန်း ၂ ရက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံတွင် နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှည့်ကျသဘာပတိဦးအောင်မြတ်က သွေးလှူဒါန်းပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာသန္တာမှ သွေးလှူဒါန်းပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သွေးလှူဒါန်းပွဲကို စတင်ခဲ့ကြသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ စုပေါင်းသွေးလှူဒါန်းခြင်းကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပထမအကြိမ် လှူဒါန်းပွဲကျင်းပခဲ့ပြီးနောက် ၄ လ တစ်ကြိမ် လှူဒါန်းပွဲကို စဉ်ဆက်မပြတ်ဆောင်ရွက်ရာ ယခုအကြိမ်ဆိုလျှင် နဝမအကြိမ်မြောက် သွေးလှူဒါန်းပွဲဖြစ်ပါကြောင်း တာဝန်ရှိသူထံမှ သိရှိရပါသည်။
ထိုသွေးလှူဒါန်းပွဲတွင် လှူဒါန်းကြသည့် သွေးလှူရှင်များမှာ ၎င်းဘုရားဝန်ထမ်းများ၊ ဘုရားဖူးလာရဟန်းသံဃာများနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းကြကြောင်းနှင့် သွေးအလှူရှင်များအား အားဆေးနှင့် အဟာရဖြစ်သော ကြက်ဥ၊ ငှက်ပျောသီး၊ အအေးများနှင့် နဝမအကြိမ်မြောက် သွေးလှူဒါန်းပွဲအမှတ်တရတံဆိပ် ရိုက်ထားသော အင်္ကျီနှင့် ဂုဏ်ပြုကတ်များ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ ဆက်)