သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ယူသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေ

သဲကုန်း ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲ အောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်စေရန် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များအား အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြသည်။

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်ထုတ်ယူရာတွင် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ပြီး၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး ထုတ်ယူနိုင်​စေရန်  စီမံဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)