ပြည်မြို့နယ်၌ နိုင်ငံသားကတ်မရှိသေးသူများနှင့် ပျောက်ဆုံး/ပျက်စီးများအတွက် ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီး One Stop Service ဆောင်ရွက်ပေး

ပြည် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ယမန်နေ့နံနက်ပိုင်းကစ၍ ခရိုင်မြေပြင်ကွင်းဆင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက မြို့နယ်အတွင်း နိုင်ငံသားကတ်မရှိသေးသူများနှင့် ပျောက်ဆုံး/ပျက်စီးများအတွက် ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းအပြီး One Stop Service ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်ဦးက နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေးနှင့် မကြာမီကျင်းပ‌တော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအားလုံး မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေးအတွက် ရပ်ကွက်/ကျေးရွာများအရောက် ပန်းခင်းစီမံချက် (၃)ဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းအပြီး One Stop Service ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်လဝကဦးစီးမှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပြည်မြို့နယ် ရပ်ကွက်/ကျေးရွာအသီးသီးမှ နိုင်ငံသားကတ်မရှိသေးသူများနှင့် ပျောက်ဆုံး/ပျက်စီးသူ ပြည်သူများထံ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)