ငဖဲ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၇ နာရီမှစတင်၍ တတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲစာရင်းများကပ်ထား ကြေညာထား ရှိပြီးဖြစ်သည်။
ငဖဲမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပြီးဖြစ်ပြီး မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီးမဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်သည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌မဲစာရင်းစိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။
ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၂၁ အုပ်စုနှင့် ကျေးရွာခွဲ ၂၁ ရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နောက်ဆုံးအကြိမ်အဖြစ် မဲစာရင်းကပ်နှံကြေညာထားရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူစုစုပေါင်း ၃၅၀၇၂ ဦးရှိကြောင်းနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)