နတ်တလင်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ်၂ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ်ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးကော်မတီဝင်များပူးပေါင်း၍ စျေးသူ၊ စျေးသားများအား မီးသတ်ဆေးဘူးအသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ ဂက်စ်မီးလောင်မှုအား ငြှိမ်းသတ်နည်းများဖြင့် တက်ရောက်လာသော ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဦးလတ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)