မင်းဘူး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းရန် ကြိုတင်မဲပေးသည့်နေရာ၊ မဲပေးစက်ထားရှိသည့်နေရာများနှင့် မဲရုံအနီး ပတ်ဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့က သတ်မှတ်နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း အနီးကပ်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်နေရာ၊ မဲပေးစက်များထားရှိသည့်နေရာနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ရွေးကောက်ပွဲကျင်းပစဉ်ကာလ လူတို့၏ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံအနီးပတ်ဝန်းကျင်၌ လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့်မီးခလုပ်များအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိပြီး အရေးပေါ်မီးသတ်ဆေးဗူးများ အရန်သင့်ချိတ်ဆွဲထားရှိရေးစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ လိုက်နာဆောင်ရွက်ရေးအကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)