စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်း၊ Installation ပြုလုပ်ခြင်းနှင့် စမ်းသပ်ခြင်းများ ဆောင်ရွက်

စေတုတ္တရာ ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်း၊ Installation ပြုလုပ်ခြင်းနှင့် စမ်းသပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

စေတုတ္တရာမြို့နယ်တွင် မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်း၊ Installation ပြုလုပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ နည်းပညာအထောက်အကူပြုအဖွဲ့များက မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်များဖြင့် မဲပေးရာ၌ တစ်စုံတစ်ရာမှားယွင်းမှုများ မဖြစ်ပေါ်စေရန်နှင့် လွယ်ကူမြန်ဆန်စွာမဲပေးနိုင်ရန်အတွက် မဲပေးစက်များကို ဖွင့်ဖောက်စစ်ဆေးခြင်း၊ Installation ပြုလုပ်ခြင်းနှင့် စမ်းသပ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါမဲပေးစက်များအား Installlation ပြုလုပ်ရာတွင် စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း (၃၀)ဦးတို့အား တစ်ဖွဲ့လျှင် (၃)ဦး၊ (၁၀)ဖွဲ့၊ ဖွဲ့၍ ကြီးကြပ်ဌာနဆိုင်ရာအကြီးအကဲ ငါးဦးတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)