ဒဂုံ ဇန်နဝါရီ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ စျေးများ၊ ဌာနဆိုင်ရာများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည် ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေး ဆိုတဲ့အဓိပ္ပာယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့ ပြင်ဦးလွင် ခရီးစဉ်တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် ဖြစ်သည့် ညီညွတ်ရေးကို ဦးတည်ကြပါ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စို့ဟူသော ဆောင်ပုဒ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်ဖြစ်သည့် အမျိုးသားညီညွတ်ရေးကိုအခြေခံ၊ လွတ်လပ်ရေး ကို ကာကွယ်ပါ၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ ဆောင်ပုဒ်၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ ကဗျာ၊ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်(၉)ချက်တို့ ပါဝင်ပြီး ဝေဝေဆာဆာ ဖော်ပြ ပေးထားကြောင်း သိရှိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)