ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် Mobile Market စျေးရောင်းယာဉ်များဖြင့် မီးဖိုချောင် သုံး စားသောက်ကုန်များအား ရောင်းချ

ကြည့်မြင်တိုင် ဇန်နဝါရီ ၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင် ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် မြို့နယ်အတွင်း ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်၊ထီးတန်းလမ်းမနှင့် ဈေးကြီး အရှေ့၊အနောက်ရပ်ကွက် ဗိုလ်သူရလမ်း  နေရာများခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ် စည်ပင်သာယာ​ရေး ကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ် ၍ ဆောင်ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုသည် ကြည့်မြင်တိုင်မြို့နယ်တွင် သတ္တမအကြိမ် ရောင်းချ​ပေးခြင်းဖြစ်ပြီး  အလှည့်ကျဆက်လက်​ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)