အထက်မင်းလှ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မင်းလှမူလတန်းကြိုကျောင်း၏ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မင်းလှမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဝင်းမောင်က ကာယစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မူလတန်းကြိုကျောင်း သားငယ်၊ သမီးငယ်များက “World Cup” သီချင်း၊ “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့သည်။
ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက ပိန်ပေါင်ခြင်းထည့်၊ ယုန်ခုန်၊ အရုပ်ထောင်၊ ဂေါ်လီလုံးကောက်၊ ဆန်ကောရွက်၊ အပြေးပြိုင်ပွဲ စသည့် ကစားနည်းများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများအား ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မင်းလှ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲများတွင် မင်းလှမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ် (၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)