ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေမည့် ကျေးရွာ ချင်းဆက်လမ်း အကောင်အထည်ဖော် ဆောင်ရွက်

ပွင့်ဖြူ   ဇန်နဝါရီ   ၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား ဒီဇင်ဘာ ၈ ရက်နေ့က စတင်၍ မြေနီကျောက်စရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်မုန်းမြောင်းမကြီး လက်တံ (၁၄) မြောင်းဘောင်လမ်းသည် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာ ၊ ဆည်မုန်းကျေးရွာတို့ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ အဓိကသွားလာအသုံးပြုနေသည့် လမ်းဖြစ်ကာ ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၇ ဒသမ ၅ သန်းဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြောင်းဘောင်လမ်းအရှည်ပေ (၃)မိုင် ၊ တစ်ဖာလုံအား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းလုပ်ငန်းကို တော်ဝင်းထွန်းကုမ္ပဏီအား တင်ဒါစနစ်ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခု ဖောက်လုပ်နေသည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်း မြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ ၊ ထနောင်းကုန်းကျေးရွာ ၊ ဆည်မုန်း ကျေးရွာတို့ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ အိမ်ခြေ ၂၈၂၅ အိမ် ၊ လူဦးရေ ၁၁၅၁၃ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသခံတောင်သူများ၏ လယ်မြေဧက ၃၂၉၆ ဧက အား (နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်မြေများမှ ထွက် ရှိသော ဒေသထွက်ကုန်သီးနှံ များကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ရာ ဒေသခံပြည် သူများ၏ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)