ဗန်းမောက် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု နောင်ကွတ်-မံစီကြီးကျေးရွာ ချင်းဆက်မြေသားလမ်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီးနေမှုများအား ဂိုးလ်ဒင်းဇော်ကုမ္ပဏီမှ လမ်းအရှည်ပေ (၂) မိုင်၊ အကျယ် (၄၀)ပေ၊ အမြင့် (၃)ပေရှိ မြေသားလမ်းကိုယ်ထူကိုယ်ထစနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ လကုန်ပိုင်း တွင်ပြီးစီးခဲ့၍ မြေသားလမ်းဘောင်တင်ခြင်းလုပ်ငန်းများနှင့် ချောင်းသဲကျောက်စတင် ခင်းခြင်းကို စက် ယန္တရားကြီးများဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများအား လည်းကောင်း၊ မံအင်မင်း ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ရွှေသတ္ထုတူးဖော်ရေး ကုမ္ပဏီများ အလှူရှင် များ၏ ထည့်ဝင်လှူ ဒါန်းထားသည့် ဒီဇယ်နှင့်အလှူငွေများဖြင့် အဆိုပါမြေသား လမ်းပေါ်တွင် ချောင်းသဲကျောက်ခင်း ခြင်းများ ပြုလုပ်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မင်းကုန်း-အရှေ့ကုန်း ကျေးရွာချင်းဆက် လမ်းပိုင်းနှင့် အနောက်ကုန်း-အနောက်တော ကျေးရွာချင်းဆက်လမ်းပိုင်းများ ကိုလည်းကောင်း နွေ၊ မိုး၊ ဆောင်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် အလှူရှင် ပြည်သူလူထုများ၏ စုပေါင်းညီညွတ်မှုအားနှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စတင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဗန်းမောက်-မံစီကြီးလမ်းပိုင်းပေါ်ရှိ ကန်ကုန်းကျေးရွာနှင့် ကြောင်လည်ကျေးရွာကြား လမ်းပိုင်း ပြုပြင်နေမှု ကိုလည်းကောင်း၊ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်း မံအင်မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ထံမှ သိရသည်။
ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြီးစီးသွားပါက ဗန်းမောက်မြို့နယ်တွင် မံစီကြီးဒေသစိတ် အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေမည့်အပြင် အချိန်တိုအတွင်း ကုန်စည်စီး ဆင်း ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)