ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကျရောက်မှု ကွင်းဆင်းစစ်ဆေး

ကျွန်းလှ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့မ နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်း စိုက်ပျိုးထားသော ဆောင်းမြေပဲ စိုက်ခင်းများ ပိုးမွှား ကျရောက်မှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“‌‌ဆောင်းမြေပဲ စိုက်ခင်းများတွင် ရွက်လိပ်ရွက်ကပ် ပိုးများ တွေ့ရှိရ၍ ပင်လုံးပြန့်ထိ တွေ့ပိုးသတ်ဆေး တစ်မျိုးမျိုး စနစ်တကျ သုံးစွဲရန်လိုကြောင်း၊ မြေပဲအပင်တစ်လသားမှ ရိတ်သိမ်းချိန်အထိ ပိုးမွှားကျရောက်တတ်ကြောင်း၊ ရိတ်သိမ်းခါနီး မြေပဲစိုက်ခင်းများ ရိတ်သိမ်း ချိန် လွန်နည်းပညာများ စနစ်တကျ သိုလှောင်သိမ်းဆည်းရန် လိုကြောင်း၊ ရွက်လိပ်ရွက်ကပ်ပိုး တို့၏ ဘဝစက်ဝန်းနှင့် ဖျက်ဆီးပုံအကြောင်းကို တောင်သူများအား ပညာပေးဆွေးနွေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။

“ကျွန်တော်ဆောင်းမြေပဲ (၃) ဧက စိုက်ပျိုးထားပါတယ်။ တစ်ဧကမျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ ထွန်ယက်ခ ငွေကျပ် (၃) သိန်း ကုန်ကျပါတယ်။ ယခင်နှစ်က ပိုးမွှားကင်းစင်ပြီး အထွက်နှုန်း ကောင်းခဲ့သော်လည်း ယခုနှစ်ရာသီဥတုဒဏ်ကြောင့် ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်၍ အထွက်နှုန်း တစ်ဝက်ခန့် ကျဆင်းနိုင်ပါတယ်” ဟု လယ်လှကျေးရွာ ဆောင်းမြေပဲ စိုက်တောင်သူ ဦးစံဌေးက ပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ယာမြေဧက (၄၈၃၉၄) ဧကရှိပြီး၊ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများ စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲ (၁၀၃၅၈) ဧက စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ