သာမို (၁၁) ငရုတ်သီးမျိုး စိုက်ပျိုးလုပ်ကိုင်သူများ အမြတ်ငွေရရှိ

မြင်းမူ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယခုအခါ မိရိုးဖလာတောင်သူ လယ်ယာလုပ်ငန်းအပြင် အခြားသီးနှံပင်များကို စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ စားဖို ချောင်သုံးသီးနှံဖြစ်သည့်  ငရုပ်သီးပင်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေ ပိုမိုရရှိနေကြောင်း သိရှိရသည်။

ငရုတ်ပင်မှာ နှစ်တိုစားဖိုချောင်သုံး သီးနှံဖြစ်သည့်အပြင် ဈေးကွက်ပုံမှန်ရှိခြင်းကြောင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ မိမိမြေ (၃) ဧကတွင် ငရုတ်ပင် (၂၁၀၀၀) ခန့် စိုက်ပျိုး ထားရှိကြောင်းနှင့် စိုက်ပျိုးပြီး(၃)လပြည့်ပါ အပင်အခြေအနေကို ကြည့်ကာ ခူးယူ ရောင်းချ နိုင်ပြီဖြစ်ကြောင်း၊ ယနေ့ချိန်ထိ ငရုတ်သီးပိသာချိန် (၄၅၀၀) ခန့် ရောင်းချ ထားရှိပြီး ဖြစ်ကြောင်း၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာမှ ငရုပ်သီးစိုက်ပျိုးလုပ်ကိုင်နေသူ ဒေါ်ဖြူထံမှ သိရှိရသည်။

ငရုတ်သီးစိမ်း (၁) ပိသာလျှင် (၁၄၀၀) ကျပ်ဖြင့် ဖောက်သည်သွင်းရ၍ ယခုချိန်တွင်ဝင်ငွေ ပုံမှန်ရရှိ လျက်ရှိပြီး စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၃) ဧကအတွက် သိန်း (၃၀) ခန့်ရှိကာ  အပင်ပြုစုမှုအပေါ် မူတည်၍ နောက်ထပ်(၄)လကျော်ဆက်လက်ခူးနိုင်မည်ဖြစ်ကာ အမြတ်ငွေ ပိုမိုရရှိနိုင်ကြောင်း စိုက်ပျိုးသူ များထံမှ သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)