မင်္ဂလာဒုံ ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန်ကျေးရွာ၊ ယုဇန(၆)လမ်း၊ ငွေလဝန်းစာကြည့်တိုက်တိုးချဲ့ဆောင်ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တိုးချဲ့အဆောင်ဖွင့်လှစ်ရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)ကိုယ်စား လှယ်ဒေါ်သန္တာမိုးက မုဒိတာစကား ပြောကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်၊ စာကြည့်တိုက် များ ကွန်ရက်ဦးဆောင်ဒါရိုက်တာ ဦးမောင်မောင်စိုးနှင့် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဇင်ငြိမ်းအိတို့က အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက်အလှူရှင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက အလှူငွေကျပ် (၁)သိန်းနှင့် ပေါက်ကုန်းရပ်ကွက် အလင်းရောင်စာကြည့်တိုက်မှူး ဦးသီဟဘော်ဇံက သုတ/ ရသ စာအုပ်များလှူဒါန်းရာ ငွေလဝန်းစာကြည့်တိုက် ဥက္ကဋ္ဌ ဦးအောင်ဇော်မျိုး က လက်ခံ ယူပြီး ကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားခဲ့သည်။
အဆိုပါစာကြည့်တိုက်ကို ၂၀၀၂ခုနှစ်တွင် အနံ၁၀ပေxအလျား၁၉ပေ အဆောက်အအုံဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၊ ယခုအခါ အနံ ၁၀ပေxအလျား ၂၅ပေ သွပ်မိုး၊ Steel Strac Ture အုတ်စီပြီး အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် တိုးချဲ့ဆောက်လုပ်ခြင်း ဖြစ်ကြောင်းလည်းသိရပြီး တိုးချဲ့ဆောင်ဖွင့်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်း များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသန့် (ပြန်/ဆက်)