နတ်မောက် ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် အိုင်ဇောက်ကျေးရွာအနီး မိုင်တိုင်(၂၅/၇)တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၂ မိနစ် အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ၍ နတ်မောက်မြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၃)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှု ကူညီရေး အသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကားမီးလောင်မှုမှာ မြို့သစ်မြို့မှ ကောက်ရိုးဝယ်ယူလာပြီး နတ်မောက်-ရေနံချောင်းကားလမ်းမှ ချောင်းဆုံကျေးရွာသို့ သယ်ဆောင် လာသောကားမှ အိတ်ဇော မီးပွား (Sparks)လွင့်စင်၍ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ကောက်ရိုး(နွားစာ) များ အား စတင်ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်မီးလောင်မှုကြောင့် (၁၀)ပေအရှည် ဒိုင်နာကား (အဖြူ) နောက်အကာများ ၊ ရှေ့ခေါင်းခန်း ၊ ကားရှေ့ဘီးများနှင့် ဘတ္ထရီများ မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်ပါ ကောက်ရိုးတင်လုပ်သား(၅)ဦး တွင် ပေါက်ပြဲ ၊ ပွန်းပဲ့ ၊ စုတ်ပြဲ ၊ ကျိုးပဲ့ ၊ ပြင်ပဒဏ်ရာ ( မစိုးရိမ်ရ ) များရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား နတ်မောက်မြို့နယ် ပြည်သူ့ ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)