မကွေး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၃ ရက်နေ့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၁၉)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၆၀၉)ဦးထိ ရှိလာကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ် ပိုးတွေ့ရှိမှုက ရှိနေဆဲပါ၊ မနေ့က စံချိန်တင်(၆၂)ဦးတွေ့ခဲ့တယ်၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း ပိုးတွေ့အတည်ပြု လူနာ(၁၉)ဦး ထပ်တိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ နည်းနည်းတော့ လျှော့သွားပါတယ်၊ ဒီနေ့တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက စလင်း က(၆)ဦး၊ တောင်တွင်းကြီးက(၄)ဦး၊ အောင်လံ(၃)ဦး၊ မကွေးက(၂)ဦးနဲ့ ချောက်၊ မြို့သစ်၊ ဆောနဲ့ မြိုင် က(၁)ဦးစီဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက တောင်တွင်းကြီးက (၂)ယောက်၊ စလင်းက(၃) ယောက်နဲ့ အောင်လံ(၃) ယောက် တို့က ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိသူတွေဖြစ်ပြီး၊ မကွေး(၂)ယောက်က ခရီးသွား ရာဇဝင်ရှိလို့ စစ်ဆေးရာက တွေ့ရှိသူနဲ့ ဖျားနာ လူနာ တို့ဖြစ်ပါတယ်၊ နောက်ထပ် တောင်တွင်းကြီး(၂) ယောက်၊ စလင်းက(၃)ယောက်၊ ချောက်က(၁)ယောက်တို့က အနံ့ ပျောက်လူနာ တွေဖြစ်ပြီးတော့၊ ကျန်တဲ့ပိုးတွေ့လူနာတွေက ရန်ကုန်ပြန်(Quarantine Centre)တွေက ဖြစ်ပါတယ်၊ ဒီကနေ့ ညပိုင်း အချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း(၂၆၀၉)ဦးရှိပြီ ဖြစ်တယ်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း (၂၆၀၉)ဦး ထိရှိလာပြီး တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ (၃၀၂)ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၃၀၀)ဦးရှိကာ သေဆုံးသူက (၇)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)