သရက် ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ညောင်ရွာငယ်ကျေးရွာ၌ တိုင်းဒေသကြီးလျှပ်စစ်မီးလင်း ရေးစီမံကိန်းအရဆောင်ရွက်ခဲ့သော လျှပ်စစ် မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်တို့က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနေမင်းထွဋ်မှ လျှပ်စစ်မီးများ စနစ်တကျသုံးစွဲရေးနှင့် လျှပ်စစ်အန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ရှောင်ရန်၊ ဆောင်ရန်များကို ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ လျှပ်စစ်မီးဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျေးရွာပြည်သူများကိုယ်စား ဆရာတော် ဦးပဏ္ဍိတမှ ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ လျှပ်စစ်မီးရရှိခဲ့သည့်အတွက် ညောင်ရွာငယ်ကျေးရွာရှိ အိမ်ထောင်စု(၁၂၀)အတွက် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)