တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၌ ကျေးရွာချင်းဆက်လမ်းများအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

တွံတေး   ဇန်နဝါရီ  ၄

ကျေးလက်နေဒေသခံပြည်သူများ ရာသီမရွေးသွားလာနိုင်ရန်အတွက် အလှူရှင်များစုပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ရှိ ခတ္ထိယရွာသစ် ရွာလယ်လမ်းမကြီး၊ ခတ္ထိယ-ညောင်ရွာလမ်းနှင့်ခတ္ထိယ-အုတ်ဖိုကျေးရွာ ချင်းဆက် လမ်းကွန်ကရစ် ပြန်လည် အဆင့်မြှင့်တင်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါခတ္ထိယကျေးရွာအုပ်စုတွင် ကျေးရွာခွဲ(၆)ရွာရှိပြီး တိုက်နယ်ဆေးရုံတစ်ရုံ အထက်တန်းကျောင်းတစ်ကျောင်း၊ လျှပ်စစ် ဓာတ်အားခွဲရုံ တစ်ရုံရှိသော ကျေးရွာတစ်ခုဖြစ်ကာ ဒေသခံပြည်သူများနှင့် အလှူရှင် ဦးဟံချစ်+ဒေါ်ကြည်ကြည် မိသားစုတို့က ပျက်စီး ယိုယွင်းသွားသော ခတ္ထိယရွာသစ် ရွာလယ်လမ်း၊ အရှည်ပေ(၁၈၆၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၇)လက်မ၊ ကွန်ကရစ်ခင်းခြင်း အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း(၂၇၀)၊ ခတ္ထိယ-ညောင်ရွာလမ်းအရှည်ပေ(၁၃၁၅)အကျယ်(၁၄)ပေ ထု(၆) လက်မ၊ ကွန်ကရစ်ခင်းခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ်သိန်း(၁၃၀)နှင့် ခတ္ထိယ-အုတ်ဖိုကျေးရွာ ချင်းဆက်လမ်း အရှည်ပေ (၂၀၀၀)ခန့်အကျယ်(၁၄)ပေ၊ထု(၆) လက်မ တို့အား မတည်အလှူရှင် ဦးဟံချစ်+ဒေါ်ကြည်ကြည် မိသားစုမှ ခတ္ထိယရွာ သစ်ရွာ လယ်လမ်းအတွက် ငွေကျပ်သိန်း(၁၀၀)၊ ခတ္ထိယ-ညောင်ရွာ လမ်းအတွက်သိန်း(၅၀)၊ ခတ္ထိယ-အုတ်ဖိုလမ်းအတွက် ငွေကျပ်သိန်း (၅၀)အလှူရှင်မှသိန်း(၂၀၀) မတည်ပေးခဲ့ပြီး ကျေးရွာအတွင်းရှိ အလှူရှင်များ စုပေါင်းပြီး ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်း အဖြစ် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးထံမှ သိရှိရသည်။

ယင်းကျေးရွာချင်းဆက်လမ်းများပြီးစီးသွားပါက ခတ္ထိယရွာသစ်တွင် အိမ်ခြေ၂၄၀ ညောင်ရွာတွင် အိမ်ခြေ၁၆၀၊ အုတ်ဖိုတွင်အိမ်ခြေ ၃၂၁ အိမ်ရှိ ဒေသခံပြည်သူလူထု ရာသီမရွေး သွားလာနိုင်ပြီး ဒေသထွတ်ကုန်များကိုလည်း လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)