စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပွဲကျင်းပ

 မုံရွာ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန် လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၇)နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ပွဲ ကို ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ(၅)နှစ်တာ ကာလအတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် သဘာ၀ဘေး အန္တရာယ်ဆိုင်ရာလုပ်ငန်းများတွင် မိမိကိုယ်ကို မငဲ့ကွက်ဘဲ တိုင်းဒေသကြီးအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

“စိတ်ထဲမှာဝမ်းသာဂုဏ်ယူမိပါတယ်၊ ကိုယ့်ဌာနအတွက် လက်တွဲပြီးလုပ်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ရရှိတဲ့ ဝန်ထမ်း အားလုံးရဲ့ ကိုယ်စားယူခဲ့ရတဲ့ ဂုဏ်ပြုဆုတစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိအမှတ်ပြုတဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်၊ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ဌာနရဲ့ လုပ်ငန်းတွေကို ကြိုးစားပြီးလုပ်ကိုင်သွားမယ်လို့ ကတိပြုပါတယ်” ဟု ဇေယျာစီမံထူးချွန် (ပထမအဆင့်)ဆုရရှိသူ စစ်ကိုင်းတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက ပြောကြားသည်။

ဆုပေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုထမ်းကောင်း တံဆိပ်ချီးမြှင့် ထိုက်သူ(၆)ဦး၊ ဇေယျာ စီမံထူးချွန် (ပထမဆင့်)(၄)ဦး၊ ဇေယျာစီမံထူးချွန် (ဒုတိယအဆင့်) (၂၇)ဦး၊ ဇေယျာစီမံထူးချွန် (တတိယအဆင့်) (၅၅)ဦး၊ ဇေယျာလယ်ယာ စီးပွားထူးချွန်ဆု(တတိယအဆင့်)(၂)ဦး၊ ဇေယျာစက်မှုစီးပွားထူးချွန် (ဒုတိယအဆင့်) (၅)ဦး၊ ဇေယျာစက်မှု စီးပွားထူးချွန်(ပထမအဆင့်) (၁၁)ဦး၊ ဇေယျာ လူမှုထူးချွန်(ဒုတိယအဆင့်) (၆)ဦး၊ ဇေယျာ လူမှုထူးချွန်(တတိယအဆင့်)(၁၂)ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိသူ (၆၃)ဦး တို့အား ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)