ချောင်းဆုံ ဇန်နဝါရီ ၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၇)နာရီခွဲအချိန်က တေဇဥယျာဉ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနား တွင် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါဆုချီးမြှင့်ရာတွင် ရွှေမြင့်မိုရ်နာရေးကူညီမှုအသင်း မှ ဦးသန်းဖေဦး ၊ ဦးစိုးထွန်း နှင့် ဦးအောင်ချမ်းကို အားလည်းကောင်း၊ ရွာလွတ်လူမှုကယ်ဆယ်ရေးအသင်းမှ ဦးစိုးသီဟ အားလည်းကောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲ မှ ဒေါ်ယုယမြတ်နိုး တို့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ရွှေမြင့်မိုရ်နာရေးကူညီမှုအသင်း၊ ရွာလွတ်လူမှုကယ်ဆယ်ရေးအသင်း၊ ဘဝ အလင်းရောင် (ဝယ်လမ်း) လူမှုကယ်ဆယ်ရေးအသင်း တို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်း တို့က ပေးအပ်ချီးမြှင့်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ ယခုအချိန်ထိ ချောင်းဆုံမြို့နယ်တွင် ရှိသည့် လူမှုရေးအသင်းအဖွဲ့ဝင်များထဲမှ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် မြို့နယ်(CBFQ) တွင် နေရောညပါ (၂၄)နာရီ ကာလပတ်လုံး တာဝန်ထမ်းဆောင်ပေးခဲ့သည့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများကို (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြိုနယ်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ချီးမြှင့်ဂုဏ်ပြုပေး ခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦး မျိုးသိုက်ထွန်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)