ပွင့်ဖြူ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် မြတ်ကြီး၏ ဝတ္တကမြေအဖြစ် သတ်မှတ်စိုက်ထူထားရှိသော အင်္ဂါထောင့်အရပ်ရှိ ကျောက်တိုင်နေရာတွင် စေတီငယ်ဖြင့် အစားထိုး တည်ထားနိုင်ရေး ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးကို ဘုရား ဗျာဒိတ်ရ ပုဂံပြည့်ရှင် မဏိစည်သူမင်းကြီးက ကောဇာသက္ကရာဇ် (၄၅၈) ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ကြောင်း သိရကာ စေတီတော်ကြီး၏ ဘရားဝတ္တကမြေအဖြစ် အရပ် (၈) မျက်နှာတွင် ကျောက်စာတိုင်များ စိုက်ထူ၍ လှူဒါန်းပူဇော် ထားရှိကြောင်း စေတီတော်ကြီး၏ သမိုင်းမှတ်တမ်းများအရ သိရသည်။
ယခုအခါ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ဝတ္တကမြေအဖြစ် သတ်မှတ်စိုက်ထူ ထားရှိ သော အရပ်(၈)မျက်နှာရှိ ကျောက်စာတိုင်(၈)တိုင်အား သမိုင်းကြောင်းမပျောက်ပျက်စေရန်နှင့် ပိုမိုသိသာ ထင်းရှားစေရန် အတွက် ရည်ရွယ်၍ စေတီတော်ကြီး၏ အကျိုးတော်ဆောင်ချုပ်ဆရာတော် အရှင်ဓမ္မာစာရ (သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇော တိကဓဇ) ၏ ဦးဆောင်မှုဖြင့် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော် မြတ်ကြီး၏ ဘက်စုံအလှူရှင် အဂ္ဂမဟာသီရိ သုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာ ဦးခင်ရွှေ - ဇနီး ဒေါ်စန်းစန်းကြွယ် (ဇေကမ္ဘာ) မိသားစုက မူလကျောက်စာတိုင်ကိုငုံပြီး သေလာမယကျောက်စေတီပုံစံဖြင့် တည်ထား၍ လှူဒါန်းပူဇော်သွားမည် ဖြစ်ကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကြည်စိုးထံက သိရသည်။
ယနေ့ နံနက်ပိုင်း စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဘုရားဝတ္တကမြေအဖြစ် သတ်မှတ်စိုက်ထူ ထားရှိသော ကျောက်စာတိုင်များအနက် စေတီတော်ကြီး၏ အင်္ဂါထောင့်အရပ်ရှိ ကျောက်စာတိုင်နေရာအား ကျောက်စာ တိုင်ကိုငုံ၍ စေတီငယ် တည်ထားနိုင်ရေးအတွက် စေတီတော်ကြီး၏ အကျိုးတော်ဆောင်ချုပ်ဆရာတော် အရှင်ဓမ္မာစာရ (သာသနဓဇ ဓမ္မာစရိယ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)က ဦးဆောင်၍ ဂေါပကအဖွဲ့ဝင်များ ၊ သာသနာ့မာမကအသင်း အဖွဲ့ဝင်များက ပန္နက်တိုင်များ စိုက်ထူပေးခဲ့ကြ ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)