စေတုတ္တရာမြို့နယ် သက်လယ်ကျေးရွာတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် (၂၀.၂၅) သန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသ ကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ (၂၂) ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ  သက်လယ်ကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၀.၂၅) သန်းဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်လယ်ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ (၂၀.၂၅)သန်းဖြင့် အရှည် (၁၅၅၀)ပေရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 100 kva Transformer (၁)လုံး တပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ (၅.၆.၂၀၂၀)ရက်နေ့မှ စတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ် ဓာတ်အား စတင် ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။

ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၉၆)စုမှ လူဦးရေ (၃၃၀) ဦးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် မည်ဖြစ် ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)