အထက်မင်းလှ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂ လ မှ ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီခွဲက တောင်ရပ်ကွက်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းနှင့် သားဖွားဆရာမများက အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ (ငါးမျိုး စပ်ကာကွယ်ဆေး) ဝက်သက် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ် ဆေး ထိုးနှံ ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏လမ်းညွှန်ချက်များ နှင့်အညီ ကလေးငယ်များနှင့်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရန်၊ လူစုလူဝေးမဖြစ်စေရန်အတွက် ရပ်ကွက်အလိုက် အလှည့်ကျ ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇာဇာ (အထက်မင်းလှ)