သံတောင်ကြီး မတ် ၂၀
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်သည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ဒေါက်တာစည်သူစန်းက လတ်တလော ဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ ၊ (COVID-19) သည် အသက်ရှုလမ်းကြောင်းမှတဆင့် တိုက်ရိုက်ကူးစက်မှုများ ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ ၊ လူစုလူဝေးနေရာများ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာ ကျန်းမားရေးဌာနများသို့ သွားရောက်ကုသမှု ခံယူကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်မိရပ်ဖများ ၊ ဒေသခံများက ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်သည့် သိရှိလိုသည်များကို မေးမြန်းပြီး မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နော်လော်မူ(ပြန်/ဆက်)