ဖူးဖိုးသောလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဘောဂလိ ဇန်နဝါရီ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ အများပြည်သူ သွား လာမှု  လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းတံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြည့်ကြပ်၍   အရှည်(၃၅၀) ပေ၊ အကျယ် (၁ပေခွဲ)၊ အမြင့် (၁ပေခွဲ)ရှိသော ဖူးဖိုးသောလမ်း အုတ်စီရေမြောင်း ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၇.၆)သန်းဖြင့် သတ်မှတ် စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီရေး ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်၍ ယခင်ကထက် မြို့တွင်းလမ်းများ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း    မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ 

နီလာအေး(ပြန်/ဆက်)