ခရမ်း ဇန်နဝါရီ ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးရွာဆက်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် ဇွဲတွန်သပြု ကန်အုပ်စု ကျေးရွာများသို့ ဆက်သွယ် သည့် ဆက်သွယ်ရေးလမ်းအား တိုးချဲ့ခင်းကျင်းရန်နှင့် လမ်းပိုင်း တစ်ချို့ မြေသားနိမ့်ဝင် ပြိုကျမှုများကို မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာန တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းပိုင်းမှာ သပြုကန်ကျေးရွာအုပ်စုမှ ဇွဲတွန်ကျေးရွာအနီး ပဲခူး၊ ခရမ်း၊ သန်လျင် ကားလမ်းမကြီးသို့ ချိတ်ဆက် သည့် လမ်းပိုင်းတစ်ခု ဖြစ်သော်လည်း လမ်းမှာကျဉ်းမြောင်းခြင်းနှင့် တစ်ချို့နေရာများတွင် မြေနိမ့် ဝင်ပြိုကြမှုကြောင့် ပျက်စီးလျက်ရှိခြင်း ယာဉ်များရှောင်တိမ်းမှု ခက်ခဲသဖြင့် လမ်းပိုင်းတိုးချဲ့ခင်းကျင်း ဆောင်ရွက်နေမှုများကို မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ် QC အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လမ်းပိုင်းပြီးစီးပါက သပြုကန်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် မှုကြောင့် လယ်ယာထွက်ကုန်များ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ခြင်း လမ်းပန်းသာယာမှု ကြောင့် သွားလာရေးအဆင်ပြေ၍ လူနေမှုဘဝများ တိုးတက်မြင့်မားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)