ကမာရွတ်မြို့နယ်ရှိ မိဘပြည်သူများနှင့် စက်ဘီးစီးနင်းသူများအား အသိပေးပန်ကြား

ကမာရွတ် ဇန်နဝါရီ  ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ လမ်းမပေါ်တွင် မော်တော်ယာဉ်အသုံးပြုသူ ပြည်သူများ အများဆုံး သွားလာလျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် မိဘပြည်သူများသည် စက်ဘီး၊ E Bicycle၊ မော်တော် ဆိုင်ကယ်များ အသုံးပြု၍ သွားလာနေကြပြီး Delivery Services ဆောင်ရွက်သူများသည် စက်ဘီးများ အသုံးပြု၍ မိဘပြည်သူများ၏ လိုအပ်သည့်ပစ္စည်းများ၊ အစားအသောက်များကို လျင်မြန်လွယ်ကူစွာ ပို့ဆောင်နေကြသည်ကိုလည်း တွေ့ရှိရသည်။

စက်ဘီး၊ E Bicycle၊ မော်တော်ဆိုင်ကယ် အသုံးပြုသူများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု အားနည်းခြင်းကြောင့် မလိုလားအပ်သော ယာဉ်မတော်တဆမှုများ၊ ထိခိုက် ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ၊ လုယက်မှုများ၊ ပစ္စည်းဆုံးရှုံးမှုများနှင့် မော်တော်ယာဉ် သွားလာမှု အပေါ် အနှောက်အယှက်ဖြစ်စေမှုများ ဖြစ်ပေါ်နေသည် ကို စိစစ်တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အမှတ်(၃၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ကမာရွတ်မြို့နယ်အတွင်းရှိ လမ်းမကြီးများ ပေါ်တွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ စက်ဘီး (အနှေးယာဉ်) အသုံးပြုသူများ အား ဇန်နဝါရီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပညာပေးကာလအဖြစ် သတ်မှတ်ပြီး စစ်ဆေး ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပညာပေးကာလပြီး သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ မှစ၍ ပြဋ္ဌာန်းထားရှိပြီးဖြစ်သော မော်တော်ယာဉ်ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကမာရွတ်မြို့နယ်ရှိ မိဘပြည်သူများနှင့် စက်ဘီး အသုံးပြု သူများအား သိရှိစေရန် နှိုးဆော်ထားကြောင်း သိရှိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)