ထန်းတပင်၌ မီးဖိုရှိမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာ၌ ယနေ့ နံနက်(၉)နာရီ(၂၅)မိနစ် အချိန်တွင် နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနသို့ တာဝန်သိပြည်သူတစ်ဦး၏ ဆက်သွယ် သတင်းပေးပို့ချက်အရ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင် ဦးအောင်ကာ မီးသတ်ယာဉ် (၁) စီး ဖြင့် မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၆)ဦးတို့ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ကြပြီး ကျေးရွာနေပြည်သူများနှင့်အတူ  စုပေါင်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဒေါ်စန်း၏ နေအိမ် မီးဖိုးရှိ မီးကြွင်း မီးကျန် များမှ တစ်ဆင့် ကျူထရံကာအား မီးကူးစက် လောင်ကျွမ်း ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး အကျယ်အဝန်း(၁၀x၁၀)ပေရှိ သွပ်မိုး၊ ကျူထရံကာ၊ ဝါကြမ်းခင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ နဲသမိန်ကျေးရွာနေ ဒေါ်စန်းအား နဲသမိန်ရဲစခန်းမှ  အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)