ညောင်လေးပင်မြို့ အင်္ဂါဆွမ်းလောင်းအသင်းမှ ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ညောင်လေးပင် ဇန်နဝါရီ ၆

ကိုဗစ်-၁၉ ကာလ သံဃာတော်အရှင်သူမြတ်များ ဆွမ်းကိစ္စပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၂) ရပ်ကွက် လုံးဆိုင်ရာ အင်္ဂါဆွမ်းလောင်းအသင်းကြီးမှ ကြီးမှူးကာ ပထမ အကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ မှ ညနေ(၅)နာရီအချိန်အထိ လောင်းလှူခဲ့ကြသည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့မ(၂)ရပ်ကွက်အတွင်း နေထိုင်ကြသော အလှူရှင်များက မိမိတို့၏​နေအိမ်ရှေ့မှ နေ၍ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲထုပ်၊ ဆပ်ပြာ၊ ဆေး စသည့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လောင်းလှူဒါန်းခဲ့ကြရာ ဘုန်းတော်ကြီး ကျောင်းပေါင်း(၄၀)မှ တစ်ကျောင်းလျှင် သံဃာတစ်ပါးနှင့် ကပ္ပိယနှစ်ဦးစီ ဖြင့် အလှူခံခဲ့ကြသည်။

ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် အင်္ဂါဆွမ်းလောင်းအသင်းမှ မတည်ငွေကျပ်(၂၅)သိန်း၊ မဟာဒုက်အလှုရှင် များမှ လှုဒါန်းငွေ ကျပ်(၇) သိန်းကျော်၊ ဗဟိုမဏ္ဍပ်၌(၅)ရက်ခွဲအလှူခံ ရငွေကျပ်သိန်း (၂၀)၊ စုစုပေါင်းငွေကျပ်(၅၂)သိန်း ကျော် လှူဒါန်းနိုင်ခဲ့သည့်အပြင် ရပ်ကွက် အတွင်းရှိ လမ်း(၁၁) လမ်း အတွင်းရှိ နေအိမ်များမှ ဆွမ်းဆန်နှင့် ဝတ္ထုပစ္စည်း အမယ်အစုံတို့ကိုပါ ဘုန်းတော်ကြီးကျောင်းပေါင်း (၄၀)မှ သီလရှင် အပါအဝင် သံဃာတော်(၆၇၇)ပါးတို့အတွက် လောင်းလှူခဲ့ကြကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)